Tuesday, August 1, 2017

ဝတ္ထုရေးမည်ဆိုပါလျှင် - အပိုင်း (၁)

  စာရေးခြင်းဆိုသည်မှာ စိတ်ကူးများကိုပုံဖော်ခြင်းသာဖြစ်သည် ။ တစ်နည်းအားဖြင့် မိမိသိရှိသော အကြောင်းအရာများကို တစ်စုံတစ်ဦးထံ ရောက်စေချင်သည် ။ သိစေချင်သည် ။ ထို့ကြောင့် စာမျက်နှာပေါ်တွင် အက္ခရာစာလုံးများဖြင့် စကားပြောဆိုကြခြင်းကို စာရေးခြင်းဟု ဆိုချင်ပါသည် ။ 
  စာရေးသားကြရာတွင် ပုံစံအမျိုးမျိုးဖြင့်ရေးသားကြပြီး ကဗျာ ၊ ဝတ္ထု  ၊ ဆောင်းပါးနှင့် အခြားရေးသားသည့်ပုံစံများစွာရှိပေသည် ။ ယခုရေးသားသည့် ကျွန်တော့်ဆောင်းပါးတွင် ဝတ္ထုရေးသားမည့် ဝါသနာရှင် ညီငယ် ၊ ညီမငယ်များအတွက် သိသင့် သိထိုက်သည့် သဘောတရားများကို မိမိလေ့လာမိသမျှအား ပြောပြလိုသော စေတနာဖြင့်ရေးသားခြင်းသာဖြစ်ပေသည် ။ ကျွန်တော်သည် စာပေပညာရှင်မဟုတ်သည့်အတွက် ဆောင်းပါးတွင်ပါရှိသော တစ်ချို့အချက်များသည် ပြည့်စုံမှုမရှိခြင်း ၊ လိုအပ်ချက်ရှိခြင်း ၊ မှားယွင်းနေခြင်းရှိပါက ဝေဖန်ထောက်ပြပေးစေချင်ပါသည် ။ 
   စာရေးသားမည်ဆိုလျှင် ဆောင်းပါးဘယ်လိုပုံစံရေးရသည် ၊ ဝတ္ထု ဘယ်လိုမျိုးရေး၍ရသည် စသည့်တို့ကို လေ့လာသင်ယူနိုင်သော်လည်း စာရေးဆရာ/ဆရာမဖြစ်ရန်မလွယ်ကူပေ ။ စာရေးသားမည့်သူသည် စာများများဖတ်ရန်လိုအပ်ပြီး စာရေးသားခြင်းကိုလဲ နေ့စဉ်ပြုလုပ်ရန်လိုပါသည် ။ ဆရာကြီးပီမိုးနင်းသည်လည်း စာဖတ်ဝါသနာကြီး၏ ။ စိတ်လေ၍ ဟိုဟိုသည်သည်သွားသည့်အခါမျိုးမှာပင်လျှင် စာအုပ်သေတ္တာတစ်လုံး သူနှင့်အတူ အမြဲကပ်ပါလျှက် စာဖတ် မပျက်ခဲ့ပေ ။ နည်းပညာထွန်းကားသော ယနေ့ခေတ်ညီငယ် ၊ ညီမငယ်တို့အနေနှင့် ဆရာကြီးပီမိုးနင်းကဲ့သို့ စာအုပ်သေတ္တာဆွဲစရာမလိုပါ ။ အဘယ်ကြောင့်ဆိုသော် မိမိကိုင်ဆောင်သော စမတ်ဖုန်းများတွင် Ebook စာအုပ်များကို အမြောက်အများထည့်၍ လေ့လာဖတ်ရှု့နိုင်သည် ။ မိမိဖတ်ချင်သော စာအုပ်များကို အခမဲ့ပေးသော web page များတွင် download လုပ်၍ ရှာဖွေရယူနိုင်သည် ။ စာဖတ်ချင်းနှင့်ပါတ်သက်၍ ဆရာကြီးဇေယျကလည်း " မည်မျှကောင်းသောဓါး ဖြစ်စေကာမူ ဓါးသွေးကျောက်ပေါ်သို့ မတင်လျှင် ဓါးသွားမထက်၊ ဓါးကောင်းတစ်လက်မဖြစ်နိုင် ။ ကိုယ်ပိုင်ဥာဏ်သည် ဓားနှင့်တူသည် ။ ကိုယ်ပိုင်ဥာဏ်မည်မျှကောင်းသည်ဖြစ်စေ စာဖတ်ခြင်းတည်းဟူသော ဓားသွေးကျောက်ပေါ်သို့ မတင်လျှင် ဓားကောင်းမဖြစ်နိုင် " ဟု သိပေးစကားဆိုခဲ့လေသည် ။ 
   ဝတ္ထုရေးသားမည့်သူသည် စာဖတ်နေရုံနှင့်မပြီး မှတ်သင့်သည်ကို မှတ်၍ တွေးသင့်သည်ကို တွေးရပေမည် ။ ထို့အတူ ရေးဖို့လည်း လိုအပ်သည် ။ မိမိရေးသောစာကို ခွန်အားရှိသောစာဖြစ်စေရန် ကြံ့ခိုင်ကျစ်လစ်သောဝါကျ တည်ဆောက်ဖို့လည်းလိုသည် ။ သင့်လျော်သော စကားလုံးများရွေးချယ်၍ အချက်ကျကျလည်း ရေးတတ်ရမည် ။ စာရေးသာရာ၌ ဝါကျရှည်ကြီးပဲ မရေးသင့် ။ မလိုအပ်ပဲ ဝါကျရှည်နေလျှင် ဆိုလိုရင်းကိုတော်တော်နှင့်မရောက်သည့်အပြင် စာဖတ်သူငြီးငွေ့သွားမည်ဖြစ်သည် ။ ဝါကျအတိုတွေချည်းလဲ မသုံးသင့် ။ စာတစ်ပုဒ်၏ ကျိုးကြောင်းဆက်စပ်မှု တင်ပြပုံအနေအထားအပေါ် မူတည်၍ ဝါကျကို ရှည်သင့်လျှင် ရှည်ပြီး တိုသင့်ပါလျှင် တိုဖို့လိုအပ်သည် ။ 
   ဝတ္ထုရေးလိုသူသည် စာရေးရာ၌ စာလုံးပေါင်းမှန်အောင် ၊ သဒ္ဒါနည်းကျအောင် ၊ဗဟုသုတစုံအောင် ၊ လူနှင့် လူ့ပတ်ဝန်းကျင်စရိုက်များ နားလည်အောင် ကြိုးစားရမည် ။ မိမိပတ်ဝန်းကျင်က အားပေးကောင်း အားပေးမည်ဖြစ်သော်လည်း ကြိုးပမ်းရမည်မှာ မိမိ၏တာဝန်အလုပ်ဖြစ်သည် ။ ဝတ္ထုရေးသားလျှင် စာဖတ်သူသိစေလိုသောအကြောင်းကို သိလွယ်အောင် ရေးနိုင်လေလေ စာရေးကောင်းလေလေ ဖြစ်ပြီး စာဖတ်ပရိတ်သတ် နှစ်သက်လေလေဖြစ်သည် ။ အချို့က အထင်ကြီးအောင် သဘောမျိုးဖြင့် ပါဋ္ဌိပါဌ်သားတွေထည့် ၊ အင်္ဂလိပ်စကားလုံးတွေသုံးတတ်ကြသည် ။ အချို့မှာ အရှိအတိုင်း အတုံးလိုက်အတစ်လိုက်ရေးသလို ဗဟုသုတများကို အရန်ကာရေား ပြွတ်သိပ်ထိုးထည့်တတ်ကြသည် ။ အချို့မှာ လွမ်းဖွယ်ကောင်းအောင် ရေးကြသည် ။ မည်ကဲ့သို့ ရေးကြသည်ဖြစ်စေ စာဖတ်သူနားလည်ဖို့နှင့် တွေးတောဆင်ခြင်စရာ မှတ်သားစရာဖြစ်နေဖို့က ဝတ္ထုရေးသားသူတစ်ဦး၏ အဓိကအချက်ဖြစ်ပေသည် ။

ဆက်လက်ဖော်ပြပါမည် >>>
   

်ဝတ္ထုရေးမည်ဆိုပါလျှင် အပိုင်း (၂)
  
   ဝတ္ထုရေးလိုသူ ညီငယ် ညီမငယ်တို့ကို ပထမပိုင်းတွင် စာဖတ်ဖို့နှင့် ရေးရန် တွေးရန် မှတ်ရန် စသည်တို့ကို ပြောခဲ့ပြီးဖြစ်သည် ။ ယခုအခါ စာပေလောက၌ စာပေပုံသဏ္ဌာန်တစ်ခုအဖြစ် အခိုင်အမာရပ်တည်နေသော "စာတမ်းငယ်" အကြောင်းကို ပြောချင်ပါသည်။ ဝတ္ထုရေးမှာ စာတမ်းငယ် ဆိုတာကို လေ့လာဖို့လိုလို့လားဟု မေးစရာရှိပါလိမ့်မည် ။ အခြားသော ဆရာများသည် မည်သို့ကောက်ချက်ဆွဲမည်ကိုမူ မသိသော်လည်း ကျွန်တော့်အနေဖြင့် လိုသည်ဟုဆိုချင်ပါသည်။ အကြောင်းက စာတမ်းငယ်ဆိုသည်မှာ အခြားမဟုတ်ပေ ။ ၁၆ရာစုတွင် ပြင်သစ်နိုင်ငံ၌ ပြင်သစ်ဘာသာဖြင့် အက်ဆေး (essai) ဟု စတင်အမည်ရခဲ့ပြီး မကြာမီပင် အင်္ဂလန်နိုင်ငံ၌ အင်္ဂလိပ်ဘာသာဖြင့် အက်ဆေး (essay) ဟု ဆက်လက်အမည်တွင်ကာ တစ်စတစ်စ ဖွံ့ဖြိုးလာသော စာပေအဖွဲ့ ရေးသားနည်းတစ်ခုဖြစ်ပါသည် ။ မြန်မာစာပေလောကတွင် အချို့က ဆောင်းပါးနှင့်မကွဲမပြားမှတ်ယူပြီး ဆောင်းပါးဟုပင် ရောနှောခေါ်ဆိုကြသည်ကို တွေ့ရှိရပြီး အများအားဖြင့် ထိုစာပေရေးသောစနစ်ကို "အစမ်းစာ ၊ စာတမ်း ၊ စာမွန် ၊ စာတန်း ၊ အက်ဆေး ၊ ရသစာတမ်းငယ် " ဟုခေါ်ဆိုကြပေသည် ။ 
   အစမ်းစာ ၊ စာတမ်း ၊ စာမွန် ၊ စာတန်း ၊ အက်ဆေး ၊ ရသစာတမ်းငယ် ကျွန်တော်အထက်မှာရေးခဲ့သလို စာတမ်းငယ် အစရှိသည်တို့ကို ဘယ်လိုခေါ်ခေါ် ဘယ်လိုသတ်မှတ်သတ်မှတ် ကိစ္စမရှိပေ ။ စာတမ်းငယ်၏ နောက်ခံသမိုင်းအချို့ကို ဗဟုသုတအလို့ငှာ ထည့်သွင်းဖော်ပြပေးချင်သည် ။ ဝါသနာရှင် ညီငယ် ညီမငယ်တို့အနေဖြင့် ကိုယ်စီးသောမြင်း အထီအမကွဲစေချင်သည့် ဆန္ဒဖြင့် ထည့်သွင်းခြင်းလဲဖြစ်ပါသည် ။
  
နောက်ခံသမိုင်းအကျဉ်း
         အက်ဆေးဟူသောအမည် မပေါ်ပေါက်မီ ဂရိ ရောမခေတ်ကတည်းကပင် အက်ဆေးအဖွဲ့မျိုး ပေါ်ပေါက်နေပြီဖြစ်ကြောင်း ပညာရှင်တို့က စူးစမ်းဖော်ထုတ်ပြကြပါသည်။ ပလေတို (Plato) ၊ သီယိုဖရက်တပ် (Theophrastus) ၊ ပလင်နီ (Pliny) ၊ ဆီနေကာ (Seneca) ၊ ပလူးတပ် (Plutarch) ၊ ဆီဆရို (Cicero) ၊ မားကပ်အော်ရေးလီးယပ် (Marcus Aurelius) ၊ အရစ္စတိုတယ် (Aristotle) စသော ဂရိ ရောမပညာရှင်တို့သည် အက်ဆေးသဘောဆောင်သော ရေးသားနည်းများကို ရေးဖွဲ့ခဲ့ကြကြောင်း မိန့်ဆိုကြသည် ။ 
   ထိုစာပေရေးသားနည်း အဖွဲ့ပုံစံကိုပြင်သစ်စာရေးဆရာ မွန်တိန်း ( Michael de Montaigne )က အက်ဆေးဟု အမည်ပေးပြီး ၁၅၈၀ ပြည့်နှစ်တွင် ပုံနှိပ်ထုတ်ဝေရာမှ အက်ဆေးဟု အမည်ပေါ်ထွက်လာခြင်း ဖြစ်သည်။ မွန်တိန်း၏စာများသည် သူ့စရိုက်သဘာဝ ၊ သူ့အတွေးအမြင် ခံစားမှုများကို အခြေပြု၍ စကားပြေဖြင့် ပေါ့ပေါ့ပါးပါးရေးဖွဲ့သော စာများဖြစ်သည် ။ ( စကားပြေအကြောင်းကို ယခုဆောင်းပါးတစ်နေရာတွင် သီးခြားဖော်ပြပေးပါမည်) ၁၅၉၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ဘေကွန် ( Francis Bacon) က အက်ဆေးဟူသောအမည်ကိုခံယူအသုံးပြုပြီး သူ့အတွေးမြင်များကို ရေးဖွဲ့ခဲ့သည် ။ ထိုပုဂ္ဂိုလ်နှစ်ဦး၏ နောက်တွင် ကမ္ဘာ့စာပေ၌ အက်ဆေးအမြောက်အများပေါ်ထွန်းလာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၄၀၀ နီးပါးပင် သက်တမ်းရှိပေသည် ။ အက်ဆေးကို စကားပြေဖြင့်ရေးဖွဲ့သည်ဆိုသော်လည်း အင်္ဂလိပ်ကဗျာဆရာ ပုပ် ( Alexander Pope) က သူ့၏ကဗျာရှည်များကို အက်ဆေးဟု တင်စားခေါ်သည်အထိ အက်ဆေး၏ အသုံး ကျယ်ဝန်းလာပေသည် ။ အက်ဆေး တစ်နည်းစာတမ်းငယ် ဟူသောနယ်ပယ်ထဲတွင် တစ်ဖက်စွန်း၌ ဓမ္မဓိဋ္ဌာန်ကျကျ ပညာရပ်ဆန်ဆန် ပြုစုသော သုတေသနကျမ်းများအထိ ထည့်သွင်းပြီး အခြားတစ်ဖက်စွန်း၌ ပုဂ္ဂလိကဓိဋ္ဌာန်သဘောဖြင့် ရွှင်ရွှင်သွက်သွက် ရေးဖွဲ့သော အက်ဆေးများ  ၊ သရုပ်ဖော်သဘောပါသော အက်ဆေးများအထိ ထည့်သွင်းကာ ခေါင်းကြီးပိုင်းများ ၊ စာအုပ်စာပေ ဝေဖန်ချက်များ ၊ သတင်းစာ ၊ မဂ္ဂဇင်း ၊ ဆောင်းပါးများအထိ ထည့်သွင်းကြပါသည် ။ 
    ဤမျှနယ်ပယ်ကျယ်ဝန်းသော အယ်ဆေးကို ဝတ္ထုရေးလိုသူ ညီငယ် ညီမငယ်တို့အနေဖြင့် ဦးစွာလေ့လာသင့်သည် ။ အစမ်းရေးကြည့်သင့်သည် ။ ဖတ်ခြင်း မှတ်ခြင်း လုပ်သင့်ပေသည် ။ သတိပြုရမည်မှာ အက်ဆေးသည် ဝတ္ထုမဟုတ်သည်ကို သတိပြုရန် လိုပေမည်။ ထိုစကားသည် နားလည်ခက်မည်ကို သိပါသည် ။ ထို့ကြောင့် အက်ဆေးနှင့် ဝတ္ထု ကွာခြားပုံကို နောက်ရေးမည့်အပိုဒ်များတွင် အလျှင်းသင့်သလို ဖော်ပြပေပါမည် ။

ဆက်လက်ဖော်ပြပါမည် >>>

ဝတ္ထုရေးမည်ဆိုပါလျှင် အပိုင်း (၃)

       အက်ဆေးဟုခေါ်သော စာတမ်းငယ်ကို စာပေအဖွဲ့အဖြစ်သာမက ကျောင်းတွင်းလေ့ကျင့်ခန်းဖြစ်သော စာစီစာကုံးအဖြစ်လည်း အများနားလည်နေကြသည်ကိုတွေ့ရပါသည် ။ ယခုအပိုင်းတွင်း အက်ဆေးနှင့်စာစီစာကုံးကွဲပြားမှုကို လေ့လာတင်ပြပေးမည်ဖြစ်ပါသည်။ စာစီစာကုံးဟူသည် ပေးထားသော ခေါင်းစဉ်နှင့်အညီ ကျောင်းသားများဆည်းပူးထားသောဗဟုသုတများ ၊ အတွေ့အကြုံများကို အစ ၊ အလယ် ၊ အဆုံး အစီအစဉ်တကျ ရေးသားတင်ပြတတ်အောင် လေ့ကျင့်ပေးသော လေ့ကျင့်ခန်းမျိုးဖြစ်သည်။ စည်းကမ်း အထိန်းအကွပ်ဖြင့်ရေးရသော သဘောကိုတွေ့ရမည်ဖြစ်သည်။ စင်စစ် စာစီစာကုံးနှင့် အက်ဆေးသည် အနုအရင့်ကွာပါသည်။ စာစီစာကုံးသည် လေ့ကျင့်ခန်းအဆင့်တွင်သာရှိ၍ ရသစာပေအဖွဲ့တစ်ခုအဖြစ် ကောင်းမွန်သော အဆင့်သို့မရောက်ပေ ။ အက်ဆေးလောက် ကလောင်လူးလွန့်ခွင့်မရ ။ စာရေးသူ၏ အတွေးအမြင် ၊ ခံစားပုံများကို ထည့်ချင်တိုင်း ထည့်ခွင့်မရပေ ။
   " ကျောင်းတွင်းမှ လေ့ကျင့်သော စာစီစာကုံးမည်သည် စာပေ အပျံသင်စ ကျောင်းသားလူမမယ်တို့အတွက် မြေစမ်းခရမ်းပျိုးရသည့် စာစမ်းတစ်မျိုးသာဖြစ်ပါသည်။ အလေ့အကျင့်ခံသည့် ၊ အမှားခံသည့် ၊ အပြင်ခံသည့် ၊ တန်ဖိုးဖြတ် အမှတ်ပေးခံသည့် စာစမ်းတစ်မျိုးသာဖြစ်ပါသည်။ ကျောင်းသားလူငယ်တို့ ကျောင်းသက်ကုန်ပြီး ကျောင်းပြင်ပရောက်၍  စာပေလောကတွင် ဗန်းမော်တင်အောင် ၊ ဒဂုန်တာရာသစ်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ သို့သော် ကျောင်းတွင်း၌မူ ဗန်းမော်တင်အောင် ၊ ဒဂုန်တာရာအချိုးမျိုးချိုးရုံမျှကိုပင် လက်မခံနိုင်ပါ " ဟူသော ပညာရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦး၏ အဆိုအမိန့်ကိုကြည့်လျှင် အက်ဆေးအဆင့်ကို မရောက်သေးသော စာစီစာကုံးအခြေအနေကို နားလည်နိုင်ပါလိမ့်မည်။ 
    ဆရာသိန်းဖေမြင့်ရေးသည့် "အမေ" ဟူသော အက်ဆေးတစ်ပုဒ်မှ အချို့ကို ကောက်နှုတ်ဖော်ပြ၍ ထပ်မံသက်သေထူလိုပါသေးသည်။ 
 'အမေ' တွင် ဆရာသိန်းဖေမြင့်က အမေ့အကြောင်းကို တရင်းတနှီးပြောပြသည်။ သူငယ်ငယ်က တော်တော်နှင့် နို့မပြတ်သဖြင့် အမေက နှမ်းလုံးကလေးတွေကျွေးပြီး ပါစပ်ထဲက နှမ်းလုံးကလေးတစ်လုံး ဆွဲယူပြကာ 'ကြည့်စမ်း ငါ့သား ၊ ခုအရွယ်အထိ နို့စို့တော့ သွားပိုးကလေးတွေကျနေပြီ ။ နောက် မစို့နဲ့တော့နော် ' ဟုပြောပြ၍ နို့ဖြတ်ခိုင်းပုံ ၊ သူက နှမ်းလုံးကလေးမှန်းသိသော်လည်း အမေ့ကို ဘာမှပြန်မပြောဘဲ နို့ဖြတ်လိုက်ပုံများလည်းပါသည်။ သူမုံရွာမှာ ကျောင်းသွားနေစဉ် တစ်ခါတွင် ဆရာ့ကို စာကူစစ်ပေးနေရသဖြင့် ကျောင်းပိတ်ပိတ်ချင်း အိမ်ပြန်မလာနိုင် ။ အမေက နေ့တိုင်းထွက်မျှော်သည်။ သူပြန်လာသောအခါ အမေက ခပ်သော့သော့ ထွက်ကြိုသော်လည်း မျက်နှာမကြည့် ။ သူ့ကိုလည်း စကားမပြော ။ ကြည့်လည်း မကြည့် ။ မီးဖိုပေါ်က နွားနို့အိုးကို ယောက်မကြီးနှင့် မွှေနေသည် ။ မျက်ရည်ဝေ့နေသည်။ သူတတွတ်တွတ်ရှင်းပြသည်ကို အမေကျေနပ်ပုံမရ။ နွားနို့ကို ပန်းကန်ထဲလောင်းထည့်သည်။ ဆရာသိန်းဖေမြင့်က ဤအကြောင်းကို ပြောပြပြီး ဤသို့ဆက်ဖွဲ့ပါသည် ။ 
   အမေရယ် . . . ကျွန်တော် ကျောင်းပြေးရင် အမေ စိတ်ကောက်နိုင်တယ်။ အခုဘာလို့ စိတ်ကောက်တာလဲဟု ကြေကွဲသံနှင့် မေးလိုက်လေသည်။
  အမေက ကျွန်တော်ရှေ့ နွားနို့ပန်းကန်ချပေးပြီး ရော့သောက်ဟု ဆိုပါသည်။ ၎င်းနောက် အမေ့မျက်နှာမှာ စမ်းရေလို ကြည်လင်လာပါသည်။ ကျွန်တော့်အား လပြည့်ဝန်းကြီးလို ပြုံး၍ကြည့်ပါသည်။ ကျွန်တော်သည် ငယ်ငယ်တုန်းကလို အမေ့အား ဖက်ချင်၏။ နမ်းချင်၏။ အမေ့ရင်ခွင်ဝယ် ရင်ငွေ့လှုံလို၏ ။

   ဤအဖွဲ့တွင် စာဖတ်သူက အမေ့ကိုလည်း မြင်လိုက်ရပါသည် ။ အမေ့အကြောင်းကိုပြောသော သားကိုလည်း မြင်လိုက်ရပါသည်။ စိတ်ကို လှစ်ခနဲမြင်လိုက်ရသကဲ့သို့ ရေးနိုင်သည်။ ကျောင်းမှာ အမေ့အကြောင်း စာစီစာကုံးရေးသည့် ကျောင်းသားသည် ဆရာသိန်းဖေမြင့်ကဲ့သို့ ရေးနိုင်ဖို့ရန်မလွယ်ပေ ။ ထို့ကြောင့် စာစီစာကုံးနှင့် စာတမ်းငယ် (အက်ဆေး)သည် ရသပေးနိုင်သော အတိုင်းအဆလည်း အနုအရင့်ကွာခြားသွားမည်သာဖြစ်ပါသည် ။
စာစီစာကုံးနှင့် အက်ဆေး ကွဲပြားသကဲ့သို့ အက်ဆေးနှင့် ဝတ္ထုသည်လဲ ကွဲပြားပေသည် ။ သို့သော် ဝတ္ထုရေးလိုသူ ညီငယ် ၊ ညီမငယ်တို့အနေဖြင့် စာပေသည် တစ်ခုနှင့်တစ်ခု အချိတ်အဆက်ရှိသည်ကို သိရှိစေလိုသည် ။ လှေကားကို တစ်ဆင့်ခြင်း တက်ရသကဲ့သို့ စာပေရေးသားရာတွင်လဲ စာစီစာကုံး ၊ အက်ဆေး ၊ ဝတ္ထုတို ၊ ဝတ္ထုရှည်ဟု အဆင့်ဆင့်လေ့လာ၍ ရေးစေချင်ပါသည် ။ မြန်မာ့စကားပုံတွင် " အလှမ်းကျယ် အလယ်လတ် " ဆိုသောစကားအတိုင်း စာစတင်ရေးသားရာ၌ ဝတ္ထုကိုရေးပါက အစီအစဉ်မကျ ဟိုရောက်ဒီရောက်နှင့် အချိတ်အဆက်ပျောက်တတ်ပါသည် ။ ဝတ္ထုရေးလိုသော ညီငယ် ၊ ညီမငယ်များအနေဖြင့် အက်ဆေးမှအစပြု၍ တစ်ဆင့်ချင်း လှမ်းတက် ရေးသားကြစေလိုပါသည် ။ 

ဆက်လက်ဖော်ပြပါမည် >>>

ဝတ္ထုရေးမည်ဆိုပါလျှင် အပိုင်း (၄)
  
 အထက်တွင်ဆိုခဲ့သော စာတမ်းငယ် ( အက်ဆေး ) နှင့် ဝတ္ထု ခြားနားပုံကို ယခုအပိုင်းမှာ ပြောပြပေးမှာဖြစ်ပါတယ် ။ ယေဘုယျအားဖြင့် ဝတ္ထုတိုသည် စိတ်ကူးတီထွင်ထားသော စာပေအဖွဲ့ ( ထိုးဇာတ်အဖွဲ့ ) မျိုးဖြစ်၍ အက်ဆေးမှာမူ ထိုမှအပဖြစ်သော စာပေအဖွဲ့ ( ထိုးဇာတ်မဟုတ်သောအဖွဲ့) မျိုးဖြစ်သည်ဟု ပညာရှင်တို့ ခွဲခြားပြလေ့ရှိကြပါသည်။ *( ထိုးဇာတ် ၊ န - ကြံဖန်တီထွင် ရေးသားသော ဇာတ် )* 
    ၎င်းအဆိုရ အက်ဆေးနှင့် ဝတ္ထုတိုသည် စည်းခြားပြီးဖြစ်၍ ရောထွေးဖွယ်မရှိဟု ဆိုနိုင်ပါလိမ့်မည် ။ သို့သော် အက်ဆေးတွင် စိတ်ကူးဥာဏ်ကွန့်သည့်သဘောလည်း ပါနိုင်သည့်အတွက် ဝတ္ထုတိုနှင့် ရောထွေးဖွယ်ရှိနိုင်ပါသည် ။ ဝတ္ထုတိုဆိုသည်မှာ ရေးတဲ့သူက ရေးချင်တာ ရေးလိုက်ခြင်းသည် ဝတ္ထုတိုဖြစ်သည် ။ ထိုသို့ဆို၍ ဝတ္ထုတို၏ နယ်နိမိတ်ကိုချဲ့ဖြန့်လိုက်ခြင်းဖြင့်လည်း အက်ဆေးနှင့်ရောထွေးဖွယ်ရှိပါသည်။ အက်ဆေးတွင်လည်း ဝတ္ထုတိုမှာကဲ့သို့ ဖြစ်စဉ်များပါနိုင်သည့်အတွက် ဖြစ်စဉ်ပါမှု ၊ မပါမှုကိုကြည့်ပြီး ခွဲခြား၍မခိုင်လုံပါ ။ 
    အက်ဆေးနှင့် ဝတ္ထုတို၏ ခြားနားချက်မှာ စာရေးသူနှင့် စာဖတ်သူတို့၏ အနေအထားဖြစ်သည်။ အက်ဆေးတွင် စာရေးသူက တကယ်ရှိသော လူတစ်ယောက်အနေအထားဖြင့် သူ့အတွေးအမြင် ၊ အတွေ့ကြုံများကို စာဖတ်သူအား တိုက်ရိုက်ဆက်သွယ်ပြောပြနေဟန် ရေးသည်။ ဝတ္ထုတိုတွင် စိတ်ကူးတီထွင် ဖန်တီးသောဇာတ်လမ်း ၊ ဇာတ်ဆောင်တို့ကို အားပြု၍ရေးသည် ။ အက်ဆေးနှင့် အခြားအရေးသားများ ခြားနားပုံကို ခြုံ၍ဆိုရပါလျှင် အခြားအရေးသားများတွင် ရေးဖွဲ့သည့် အကြောင်းအရာကို အားပြုလေ့ရှိသည် ။ အက်ဆေးတွင် အကြောင်းအရာထက် ထိုအကြောင်းအရာကို ပြောပြနေသည့် စာရေးသူနှင့်စာဖတ်သူတို့၏ စိတ်ချင်းတိုက်ရိုက်ထိတွေ့ ဆက်သွယ်မှုကို အားပြုသည်ဟု ဆိုချင်ပါသည် ။ ဝတ္ထုနှင့်အက်ဆေး မတူညီဟု ဆိုခဲ့ခြင်းကို နားလည်နိုင်မည်ဟု ထင်ပါသည် ။
   ဝတ္ထုရေးလိုသော ညီငယ်၊ညီမငယ်တို့အနေဖြင့် စာရေးဆရာတစ်ယောက်ရဲ့ အခြေခံအရည်အချင်းကို သိရှိထားဖို့လိုမည်ထင်သည် ။ထိုအကြောင်းကို ညီငယ် ၊ ညီမငယ်တို့အတွက် အနည်းငယ်မျှ ပြောပြချင်သည် ။   
၁။ All round Education (ဘက်စုံပညာရေး)
၂။ Aesthetic ( ရသ ပညာ )
၃။ Philosophical Competence ( အတွေးအမြင် ဒဿန ) ဟူသော အချက်သုံးချက်သည် စာရေးဆရာတိုင်းအတွက် မရှိမဖြစ်အရည်အချင်းများလို့ " အက်တမားတော့(ဖ်)က ဆိုထားသည် ။

All Around Education
ဘက်စုံပညာရေး
    ကျောင်းပညာကိုချည်းပြောနေခြင်းမဟုတ် ဘဝအတွေ့အကြုံစုံဖို့
လည်းလိုသည်။ စာဖတ်လည်း များဖို့လိုသည် ။

Aesthetic
ရသ ပညာ
    အတွေ့အကြုံများကို အခြေခံ၍ ရသပညာကို ဖန်တီးယူခြင်းဖြစ်သည်။ ထိုသို့ဖန်တီးရာ၌ မိမိရေးသောစာသည် မိမိခံစားရသကဲ့သို့ စာဖတ်သူမှာလည်း ခံစားရသည်ဆိုလျှင် အကြမ်းဖျင်းအားဖြင့် ရသမြောက်သည်ဟု ဆိုနိုင်သည်။ စာဖတ်သူသည် လွတ်လပ်စွာတွေးခေါ် ဆုံးဖြတ်နိုင်ခွင့်ရှိခြင်းကြောင့် မိမိထင်မြင် ယူဆချက်အတိုင်း စာဖတ်သူ၌ ရှိချင်မှရှိပေမည် ။

Philosophical Competence
အတွေးအမြင် ဒဿန
    ရသစာပေတစ်ခု၌ ဒဿနပါရပေသည် ။ ဒဿနမပါလျှင် အဓိပ္ပါယ်မရှိပေ ။ ဒဿနဆိုသည်မှာ အမြင်ဖြစ်သည် ။ ထိုအမြင်သည် မှန်ချင်လည်းမှန်မည် ။ မှားချင်လည်းမှားမည်။ ဖောက်ပြန်ချင်လည်း ဖောက်ပြန်မည် ။ မည်သို့ဖြစ်စေ စာတစ်ပုဒ် ၊ ကဗျာတစ်ပုဒ်၌ ဒဿန ( အမြင်) တစ်ခုခုတော့ ပါရပေမည် ။ 
  အက်တမားတော့(ဖ်)က စာရေးဆရာအရည်အချင်းကို ဖော်ပြပါအတိုင်း ညွှန်ပြခဲ့သည် ။ အရည်အချင်းရှိနေယုံနှင့် စာရေးဆရာမဖြစ်နိုင် ။ စေတနာ ၊ ဝါသနာ ၊ အနစ်နာ ၊ နည်းနာ ဟုဆိုသော နာလေးနာ လိုအပ်ပေသည် ။ နည်းနာဆိုသည်မှာ စည်းကမ်း ၊ ဥပဒေသ ၊ လိုက်နာဖွယ်များကို ပြောချင်ဖြစ်သည် ။

နောက်လာမည့်အပိုင်းတွင် ဝါကျ တိုရှည်အကြောင်း ဖော်ပြပေပါမည် ။

ဆက်လက်ဖော်ပြပါမည် >>>

ဝတ္ထုရေးမည်ဆိုပါလျှင်  အပိုင်း(၅)

    ဝါကျထည်ဆောက် ရေးသားရာ၌ တိုသင့်သည်ကိုတို၍ ရှည်သင့်သည်ကို ရှည်ရမည်ဟု အထက်၌ဆိုခဲ့ပါသည်။ ညီငယ်တစ်ဦးသည် message box မှာ မေးလာသည်မှာ " အကို ဘယ်လိုဝါကျက တိုသင့်ပြီး ဘယ်လိုဝါကျက ရှည်သင့်လဲ " ဟုဆိုသည် ။ ထို့ကြောင့် ရေးသားဖော်ပြရန် အကြောင်းဖန်လာပေသည် ။ ဝတ္ထုရေးမည့် ညီငယ် ၊ ညီမငယ်များအတွက် ရသတစ်ခုကို သတိမူမိစေရန် ဝါကျတိုရှည် ဘယ်လိုရှိသည်ကို ခေတ်စမ်းစာပေအထွေထွေမှ ဆရာသိပ္ပံမောင်ဝ၏ စာပေဝေဖန်ရေးဆောင်းပါးတစ်ပုဒ်ဖြင့် ဥပမာထုတ်၍ ဝေဖန်ရေးရသကိုပါ ဖော်ပြချင်ပါသည် ။ 
   " မေလ ၁၂ရက်နေ့ထုတ် သူရိယ နေ့စဉ်သတင်းစာတွင် ပုဇွန်တောင် မောင်ထွန်းစိန်ဆိုသူက ဝါကျတိုကလေးများကို ၃တန်း ၄တန်းသား ကလေးများပင် ရေးသားနိုင်သောကြောင့် အသုံးမကျ ။ ဝါကျတိုကလေးများကို အသုံးပြုလျှက် မြန်မာစာပေ ကမောက်ကမ ဖြစ်သွားမည်ဟု ရေးသားလိုက်သည်ကို ဖတ်လိုက်ရသောအခါ တော်တော်ပင် အံ့သြမိပါသည် ။ အမှတ်တမဲ့ ရေးသားလိုက်မိဟန် တူပေသည် ။ " 
     ဆရာသိပ္ပံမောင်ဝသည် ဆောင်းပါးအစတွင် ယခုကဲ့သို့ အစချီပြီး ဆောင်းပါးတစ်နေရာတွင် -
 " ဝါကျတိုတိုကလေးများကို ၃တန်း ၄တန်းသား ကလေးများ ရေးသားနိုင်သည်ကား မှန်လှပေ၏။ သို့ရာတွင် ထိုဝါကျတိုကလေးများကို နေရာတကျ သင့်တော်အောင် သုံးသွားရန်ကား မောင်ထွန်းစိန် ထင်သလောက် လွယ်ကူမည်မဟုတ်ပေ ။ မောင်ထွန်းစိန်က ဝါကျတိုကလေးများကို ရေးလျှင် မြန်မာစာပေကမောက်ကမ ဖြစ်သွားမည်ဟု ဆိုပြန်၏။ အသို့ဆိုပါသနည်း ။ မှန်နန်းရာဇဝင် ၊ ဦးကုလားရာဇဝင် ၊ လွှတ်တော် အမှတ်အသားများကို မဖတ်မိပါသလော ။ ၎င်းရာဇဝင်အမှတ်အသားတို့တွင် နေရာအလျောက် ဝါကျတိုကလေးများကို အသုံးပြုထားသော နေရာများကို ဖတ်ရပါလိမ့်မည် ။ တစ်ခါလောက် ဖတ်ကြည့်စမ်းပါဘိ ။ ၎င်းရာဇဝင်ဆရာကြီးများသည် ဝါကျတိုကလေးများကို ရေးသားသောကြောင့် မြန်မာစာပေကို ကမောက်ကမဖြစ်အောင် လုပ်ကြသည်ဟူ၍ မစွပ်စွဲနိုင်ပေ။ " 
      ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဝေဖန်ရေးသားသူသည် အချက်ကျကျ ပိုင်ပိုင်နိုင် ထောက်ပြတတ်ရမည်ကို ညီငယ် ညီမငယ်တို့ သတိပြုရမည်ဖြစ်သည် ။
 ဆရာသိပ္ပံမောင်ဝ၏ ဆောင်းပါး၌ ဝါကျအတိုများဖြင့် ရေးသားခြင်းကို ယခုလိုဖော်ပြထားပါသေးသည် ။ 
  " ခေတ်စမ်း စာမျက်နှာ ၅၂ 'မောင်သံ' ဆိုသော ဆောင်းပါးတွင် ဤသို့ရေးသားထားပေသည် ( လက်ဦးတစ်ချက် ကြား၏။ နားစွင့်ကာ ထောင်လေသည်။ ၂ချက် ကြား၏ ။ ထ၍ ထိုင်လေသည် ။ ၃ချက် ကြား၏။ ဦးဘမော်ကိုခေါ်လေသည် ။ ၄ချက်ကြား၏ ။ ဦးဘမော်မှ ထူးလေသည်။ ၅ချက်ကြား၏ ။ အိပ်ရာမှ ထလေသည်။ ၆ချက်ကြား၏ ။ တစ်အိမ်လုံး နိုးလေပြီ။ နောက် မောင်းအချက်ပေါင်းများစွာပင် ။ အရေးမလုပ်နိုင်။ သေနတ်ထုတ်သူ ထုတ်။ ဘောင်းဘီဝတ်သူဝတ် ။ ယမ်းတောင့် ရှာသူရှာ ။ မီးထွန်းသူ ထွန်း ။ ဖိနပ်စီးသူ စီး ။ အိမ်နှင့် တိုက်မိသူ တိုက်မိ ။ လက်နှိပ်ဓာတ်မီး ထုတ်သူထုတ် ။ )  ဝတ္ထုရေးလိုသော ညီငယ် ညီမငယ်တို့သည် အထက်စာပိုဒ်ကို ဂရုပြုသင့်သည် ။ ရေးသားချက်တွင် ဝါကျတိုတွေချည်းဖြစ်သည် ။ ဓားပြတိုက်သောအခါ မောင်းထုသောကြောင့် အလုပ်ရှုပ်ပွေနေကြပုံကို အဖြစ်အပျက် တစ်ကွက်စီရေးသားသွားသည်မှာ လွန်စွာကောင်းလှပေသည်။ ဆရာသိပ္ပံမောင်ဝသည် ဝါကျအတို၏ အသုံးဝင်ပုံကို ထုတ်နူတ်ပြ၍ " ဤလိုအခါမျိုးတွင် မင်္ဂလာဆောင် သြဘာစာ ရေးသကဲ့သို့ အသိုင်းအဝိုင်း အဖွဲ့အနွဲ့တွေနှင့် ရေးမည်ဆိုပါက ရယ်စရာပင်ဖြစ်သွားလိမ့်မည် " ဟု ပိုင်နိုင်စွာ ဝေဖန်ထောက်ပြသွားသည်မှာ အတုယူဖွယ်ဖြစ်သည်ဟုဆိုက လွန်မည်မထင် ။ 
   သွား ၊ လာ ၊ ထိုင် စသည်ဖြင့် ကတ္တားမြှုပ်ကာ ကြိယာတစ်ခုတည်းဖြင့် ပြောဆိုရေးသားရသော ဝါကျတိုကလေးမှသည် အတိုင်းအဆမရှိအောင် အလွန့်အလွန်ရှည်လျားသည့် ဝါကျရှည်ကြီးအထိ အတိုအရှည်ပမာဏ အမျိုးမျိုးရှိနိုင်ပါသည်။ ဝါကျတိုထဲက နာမ်ကိုလည်း အထူးပြုနိုင်ပါသည်။ ကြိယာကိုလည်း အထူးပြုနိုင်ပါသည်။ ထိုသို့ အထူးပြုခြင်းဖြင့် ဝါကျတိုသည် တဖြည်းဖြည်း ရှည်သွားနိုင်ပါသည်။ ဥပမာထုတ်ပြပါမည် ။
  " ကလေး ငိုနေသည် "ဆိုသော ဝါကျသည် ဝါကျတိုသာဖြစ်ပါသည် ။ ဤဝါကျထဲမှ 'ကလေး' ဆိုသော နာမ်နှင့် 'ငို' ဟူသော ကြိယာကို အထူးပြုစကားများဆင့်ကာ ထည့်လိုက်မည်ဆိုပါက -
   ( ဈေးထဲမှာ ဘဲဥရောင်းနေသော အဘွားကြီး၏ မြေး ဟင်းရွက်သည် မလေး၏သား ဖြူဖြူဖွေးဖွေး တစ်တစ်ရစ်ရစ် ချစ်စရာကောင်းသော သုံးလအရွယ် ကလေးငယ်သည် သူလိုချင်သည့် ကစားစရာကို မရသည့်အတွက် မြေကြီးပေါ်တွင် လူးလှိမ့်ပြီး ခြေနှစ်ချောင်းကိုပွတ်ကာ အာခေါင်ကို ခြစ်၍ ကျယ်လောင်စွာ ငိုနေသည် ) ကလေးဆိုသော နာမ်ကို ဝိသေသနအမျိုးမျိုးဖြင့် အထူးပြုခြင်း ၊ ငို ဟူသောကြိယာကို ငိုသည့်အကြောင်း ၊ ငိုသည့်နေရာ ၊ ငိုသည့်အမူအရာ စသည်တို့ဖြင့် အထူးပြုခြင်းတို့ကြောင့် ဝါကျ ရှည်သွားရခြင်း ဖြစ်ပါသည် ။
  ဝါကျ အတိုအရှည်ကိစ္စကို ခေတ်နှင့်ယှဉ်၍ ဆင်ခြင်စရာတစ်ခု ပြောပြချင်ပါသည်။ ရှေးခေတ်စကားပြေများတွင် ဝါကျရှည် အတွေ့ရများပြီး ယခုခေတ်စကားပြေများတွင် ရှေးကလောက်ဝါကျမရှည်တော့ဟု ယေဘုယျအားဖြင့်ဆိုနိုင်ပါသည်။ အချိန်လုပြီး သွက်သွက်မြန်မြန် ပြုမူလှုပ်ရှာရသော ယခုခေတ်တွင် ဝါကျရှည်အသုံးနည်းသွားခြင်းသည်လည်း ခေတ်ကာလနှင့် လိုက်ဖက်ဆီလျော်သော လက္ခဏာတစ်ရပ် ဖြစ်သည်ဟု ဆိုနိုင်မည်ထင်ပါသည် ။ ဝါကျ တိုရှည်သည် ရေးသူ၏ စိတ်ကူးကြံစည်မှုဖြင့်သာ သက်ဆိုင်ခြင်းကြောင့် တိုသင့်ပါလျှင် တို၍ ရှည်သင့်ပါလျှင် ရှည်ရမည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည် ။
  ယခုဆောင်းပါးတွင် ဝါကျအတိုအရှည် ကိစ္စကို ဤမျှလောက်သာ ရေးသားပါရစေ ။ အခါအခွင့်သင့်ပါလျှင် သီးသန့်ခေါင်းစဉ်ဖြင့် ပိုမိုပြည့်အောင် ရေးသားပေးပါမည် ။ မေးခွန်ရှင် ညီငယ်လည်း ကျေနပ်နိုင်မည်ထင်ပါသည် ။ 

နောက်အပိုင်းတွင် စကားပြေအကြောင်းကို ရေးသားပေးပါမည် ။

ဆက်လက်ဖော်ပြပါမည် >>>

ဝတ္ထုရေးမည်ဆိုပါလျှင်  အပိုင်း(၆)

     ဝတ္ထုရေးသားခြင်းသည် စကားပြေအရေးအသားဖြစ်သည် ။ စကားပြေ ရေးသားရာတွင် သုတစကားပြေနှင့် ရသစကားပြေဟု နှစ်မျိုးရှိသည် ။ အများအားဖြင့် သုတ ၊ ရသကို မကွဲပြားပဲ ရောယောင်ပြောဆိုနေသည်ကို တွေ့ရပေသည် ။ ထိုသို့ဖြစ်ခြင်းမှာ စာပေဝမ်းစာ မပြည့်ဝ၍ဟု ဆိုနိုင်မည်ထင်သည် ။ သုတ စကားပြေသည် အဘယ်နည်း ။ ရသစကားပြေသည် အဘယ်နည်း ။ အခြေခံအားဖြင့် စာရေးသားရာတွင် ရည်ရွယ်ချက်နှစ်မျိုးရှိသည်ဟု ပညာရှင်များဆိုကြပါသည် ။ တစ်မျိုးသည် စာရေးသူ သိထားသော အကြောင်းအရာ ၊ အချက်အလက်တို့ကို စာဖတ်သူလည်း သိလာအောင် အသိပညာဗဟုသုတ ပေးလိုသော ရည်ရွယ်ချက်ဖြစ်ပါသည် ။ တစ်နည်းအားဖြင့် "အသိပေး ရည်ရွယ်ချက်"
ဟု ခေါ်နိုင်ပါသည်။ နောက်တစ်မျိုးမှာ စာရေးသူ၏စိတ်တွင် ပေါ်ပေါက်လာသော ချစ်ခင်မှု ၊ ရွှင်မြူးသနားမှု ၊ ကြောက်ရွံ့မှုစသည့် စေတနာတို့ကို အခြေခံ၍ စာဖတ်သူ၏စိတ်တွင် အလားတူ စေတနာမျိုး ပေါ်ပေါက်လာအောင် နှိုးဆော်ပေးလိုသော ရည်ရွယ်ချက်ဖြစ်ပါသည် ။ ထိုသည်ကို "စေတနာရည်ရွယ်ချက်"ဟု ခေါ်နိုင်ပါသည် ။
    အသိပေးရည်ရွယ်ချက်ဖြင့် ရေးသောစာကို "သုတစကားပြေ" ဟုခေါ်၍ စေတနာ ရည်ရွယ်ချက်ဖြင့်ရေးသော စာကို " ရသစကားပြေ" ဟုခေါ်ပါသည် ။ သုတစကားပြေထဲတွင် ဆေးပညာ ၊ သိပ္ပံ ပညာ ၊ ပထဝီဝင် ၊ ဘောဂဗေဒ ၊ ဥပဒေပညာ ၊ ဗေဒင်နက္ခတ်ပညာ ၊ ဥယျာဉ်စိုက်ပျိုးနည်း ၊ အလှပြင်နည်း စသည်ဖြင့် သိမှတ်စရာများကို ရေးသားသော စကားပြေအားလုံး အကျုံးဝင်ပါသည် ။ ရသစကားပြေထဲတွင် အဓိကအားဖြင့် ဝတ္ထုပြဇာတ်တို့အကျုံးဝင်သည် ။ ဝတ္ထု ၊ ပြဇာတ်တို့ကဲ့သို့ စာဖတ်သူကို ရသ (နှစ်သက်မှု) ပေးနိုင်သော စာတမ်း ၊ အတ္ထုပ္ပတ္တိ ၊ မှတ်တမ်း စသည်တို့ကို ရသစကားပြေထဲတွင် ထည့်နိုင်ပါသည် ။ 
    ဝတ္ထုရေးလိုသော ညီငယ်၊ညီမငယ်များသည် သုတစကားပြေ ၊ ရသစကားပြေကို သိရှိပြီးဖြစ်ရာ စကားပြေဖွဲ့စည်းပုံကို ဆက်၍ပြောပြပေးပါမည် ။ စကားပြေ ဖွဲ့စည်းပုံကို (၁) အချိန်ကာလ အစဉ်အတိုင်း စီစဉ်ဖော်ပြခြင်း ၊ (၂) အနုစိတ်မှုန်းပြခြင်း ၊ (၃) အဓိကအချက်များ တစ်ချက်စီခွဲကာ ရှင်းပြခြင်း ၊ (၄) နှိုင်းယှဉ်ဖော်ပြခြင်း ၊ (၅) သာဓကဆောင်ပြခြင်း ၊ (၆) အဓိက အကြောင်းအရာဆီသို့ တဖြည်းဖြည်း ဆွဲယူဖော်ပြခြင်း ၊ (၇) အကြောင်းအကျိုး ဆက်စပ်ဖော်ပြခြင်းစသည်တို့ဖြစ်ကြပေသည် ။ ပိုမိုရှင်းလင်းနားလည်စေရန် အောက်တွင် တစ်ချက်ခြင်းကိုရေးသားပေးပါမည် ။ 

(၁) အချိန်ကာလ အစဉ်အတိုင်း စီစဉ်ဖော်ပြခြင်း
         အချိန်ကာလရွေ့လျားနေသော ဖြစ်ရပ်များ ၊ အမူအရာများ ၊ သဘောများကို ဖော်ပြလိုသောအခါ ဖြစ်ပျက် ရွေ့လျားနေသည့် ကာလအစဉ်အတိုင်း ဖွဲ့စည်းလေ့ရှိသည် ။ ဝတ္ထု ၊ ပုံပြင် ၊ ဖြစ်ရပ်တို့ကို အစီအစဉ်အတိုင်း ဖွဲ့စည်းလေ့ရှိသည် ။ 
   ဥပမာ - ပုံစံ
       " ကျွန်တော်တို့နှစ်ယောက် တောင်ခြေရင်းဆီသို့ လျှောက်သွား
         ကြတယ် ။ တောင်ခြေမှ ဆင်ခြေလျှောလမ်းကျယ်အတိုင်း 
         တောင်ပေါ်သို့တက်သည် ။ လမ်းခုလတ် အုတ်ကျောင်းဇရပ်
         တစ်ထောက်နားသည် ။ ရေအေးအေးကြည်ကြည်ကို ရေအို
          စင်မှ ယူသောက်သည် ။ တစ်ဖန် ဆက်၍ လူသွားလမ်းအ
          တိုင်း တောင်ပေါ်သို့ တက်ကြသည် ။ တောင်ရိုးတောင်ထိပ်
         ကို မြင်ရသည် ။ "
(တက္ကသိုလ်မောင်မောင်ကြီး - မြကန် )

(၂) အနုစိတ်မှုန်းပြခြင်း
          ပုံပန်းသွင်ပြင်တို့ကိုပေါ်အောင် ဖော်ပြလိုသောအခါ ဤနည်းဖြင့် ဖွဲ့စည်းလေ့ရှိသည်။ အသေးစိတ်အချက်လက်များပါလေလေ ၊ ပုံပေါ်လေလေဖြစ်သည် ။ 
   ဥပမာ - ပုံစံ
            " ဆရာစော၏ ပုံပန်းကား အသားနက်နက် ၊ မျက်ခုံးကျယ်
              ကျယ် ၊ နှုတ်ခမ်းတွဲတွဲ ၊ နှာတံကောက်ကောက် ၊ သို့သော်
              ကြောက်စရာကားမကောင်းပေ ။ တစ်ထွာခန့်ရှည်သော
              ဆံတိုများကို သိမ်းရုံးကာ မျက်နှာသုတ်ပုဝါဖြင့် ပေါင်း၍
             ထား၏ ။ အက်ႌကား မရွိ ။ လုံကွင်းမှာ လက်နှီးရောင် ၊ ဖာ
              ထေးရာတွေမှာ အနန္တ ၊ အောက်ဖက်အစတွင် အကွဲက
             နှစ်ကွဲ ၊ လက်ထဲတွင်ကား ကြိမ်လုံးတစ်လုံးကိုင်လျက် ပါး
              စပ်တွင်မူ ဆေးတံကြီးကို ခဲထားလေသည် ။
( သိပ္ပံမောင်ဝ - ရွာ့ကျက်သရေ )

(၃) အဓိကအချက်များ တစ်ချက်စီခွဲကာ ရှင်းပြခြင်း

ဆက်လက်ဖော်ပြပါမည် >>>

ဝတ္ထုရေးမည်ဆိုပါလျှင် အပိုင်း(၇)

 (၃) အဓိကအချက်များ တစ်ချက်စီခွဲကာ ရှင်းပြခြင်း
             အင်္ဂါလက္ခဏာများ ၊ အကျိုးတရားများ စသည်ဖြင့်အချက်အလက်များ ပေါင်းဖွဲ့နေသည့် အကြောင်းအရာမျိုးအတွက် ပထမဦးစွာ အဓိကအချက်များကို တစ်ချက်စီ ခွဲခြားဖော်ပြပြီးမှ ထိုအချက်များကို အစဉ်အတိုင်း အကျယ်ရှင်းပြမည့်နည်းဖြင့် ဖွဲ့စည်းလေ့ရှိသည် ။ 
   ဥပမာ - ပုံစံ
            " ခွန်အားရှိသော စာမျိုးရေးတတ်ဖို့မှာ (၁)ရေးလိုသည့်အ
              ကြောင်းအရာကို ကောင်းစွာနားလည်ခြင်း ။ (၂) အချက်
             ကျကျရေးတတ်ခြင်း (ဝါ) သင့်တော်သော စကားလုံးကိုရွေး
             ချယ်တတ်ခြင်း ။ (၃) ကြံ့ခိုင်ကျစ်လစ်သောဝါကျမျိုးတည်
             ဆောက်ခြင်းတို့ လိုအပ်ပေသည် ။ "
( ရွှေဥဒေါင်း - ခွန်အားရှိသောစာ )

(၄) နှိုင်းယှဉ်ဖော်ပြခြင်း
             တူညီပုံ ၊ ခြားနားပုံများ ထင်ရှားစေလိုသောအခါ နှိုင်းယှဉ်ဖော်ပြလေ့ရှိသည် ။ အစီအစဉ်တကျနှိုင်းယှဉ်ပြခြင်းဖြင့် တူညီမှု ခြားနားမှုများ ထင်ရှားစေနိုင်ပါသည်။ 
    ဥပမာ - ပုံစံ
        " အများအားဖြင့် လင်္ကာဖြစ်ရုံလောက် ရေးသားစပ်ဆိုတတ်
          ကြသော်လည်း လင်္ကာကောင်းဖြစ်ရန် ဖွဲ့ဆိုတတ်သူကား
          ရှာမှရှားသကဲ့သို့ တောသားတိုင်းလိုလိုပင် လှည်းမောင်း
          တတ်ကြသော်လည်း တကယ့်ကို ကျကျနန လှည်းမောင်း
          တတ်သူကား ရှားလှပေသည် ။ လင်္ကာရေးစပ်တတ်သူတိုင်း
         ကို လင်္ကာဆရာဟု မခေါ်နိုင်သကဲ့သို့ လှည်းမောင်းတတ်သူ
         တိုင်းကိုလည်း လှည်းဆရာဟူ၍ မခေါ်နိုင်ပေ ။ မွေးကတည်း
         က ဗီဇပါလာသူမှသာလျှင် လင်္ကာဆရာကျော်ဖြစ်နိုင်သကဲ့သို့
         မွေးကတည်းက ဗီဇပါလာသူမှသာလျှင် လှည်းဆရာကျော်ဖြစ်
         နိုင်လေသည် ။ "
( သိပ္ပံမောင်ဝ - လှည်းသမား )

(၅) သာဓကဆောင်ပြခြင်း
         ထင်လွယ် မြင်လွယ်မဖြစ်သော သဘောတစ်ရပ်ကို ထင်လွယ် မြင်လွယ်ဖြစ်သော ပုံစံများဖြင့် သာဓကဆောင်ပြသော ဖွဲ့စည်းပုံ ဖြစ်သည်။ 
     ဥပမာ- ပုံစံ
         " ကွမ်းတစ်ယာနှင့် လက်ဖက်တစ်ပွဲတွင် အသီးသီးပစ္စည်း
           လေးငါးခုပေါင်းမှ ဂုဏ်သတ္တိပေါ်သကဲ့သို့ ဆိုရှယ်လစ်လူ့
           ဘောင်သစ်သို့ ချီတက်ရာ၌လည်း ဝိဇ္ဇာ ၊ သိပ္ပံ ၊ အကျင့်စာ
           ရိတ္တ ၊ ဇွဲလုံးလ ၊ မနိုင်၍သည်းခံခြင်းမျိုးမဟုတ်သော ခန္တီ ၊
           ရက်စက်ခြင်းမပါသော စွမ်းပကားသတ္တိများ ပေါင်းစပ်၍
           ဆိုရှယ်လစ်သတ္တိပေါ်လွင်အောင် လူတိုင်းကြိုးစားရပေလိမ့်
           မည်။ "
( ဆန်းထွန်း - ကွမ်းတစ်ယာနှင့်လက်ဖက်တစ်ပွဲ )

(၆) အဓိကအကြောင်းအရာဆီသို့ တဖြည်းဖြည်းဆွဲယူဖော်ပြခြင်း
             အဓိကကျသော ၊ သော့ချက်ဖြစ်သော အကြောင်းအရာကို စာဆုံးခါနီးကျမှ ဖော်ပြအသိပေးခြင်းဖြင့် စာဖတ်သူ၏ စိတ်ဝင်စားမှုကို တဖြည်းဖြည်း အရှိန်မြှင့်ပေးသော ဖွဲ့စည်းပုံဖြစ်သည် ။
   ဥပမာ - ပုံစံ
        " စာရေးသူသည် ရွာအဝင်လမ်းဘေး ညောင်ညိုပင်ကြီးအောက်
          ရှိ အုတ်ခုံရှည်တစ်လုံးကြောင်းကို စတင်ရေးဖွဲ့သည်။ ခရီးသည်
          အမျိုးမျိုးတို့ ထိုအုတ်ခုံရှည်ပေါ်တွင် အပန်းဖြေနားနေကြပုံကို စီ
         ကာစဉ်ကာ ဖော်ပြသည်။ အုတ်ခုံရှည်၏ ကျေးဇူးတရားကိုဖော်
          ထုတ်သည်။ ထိုမှတစ်ဖန် အုတ်ခုံအလှူရှင်၏ ကောင်းမှုနှင့် စေ
          တနာကို လေးစားကြည်ညိုမိပုံ ၊ အလှူရှင်အမည်ကို သိလိုစိတ်
         ပေါ်လာ၍ အုတ်ခုံတွင် ဖုံးလွှမ်းနေသော ရေညှိများကို ပွတ်တိုက်
          ကာ ရှာကြည့်မိပုံတို့ကို ဖော်ပြသည်။ ထို့နောက် စာရေးသူက
         ဤသို့ ဆက်လက်ဖော်ပြထားပါသည်။ 
               အလှူရှင်ကား ကွယ်လွန်သူ ဦးရာကျော်ဆိုသူတည်း။ သည်
          အုတ်ခုံကား အုတ်ခုံသက်သက် မည်ကာမတ္တမဟုတ်။ ဦးရာ
          ကျော်၏ အလောင်းကိုမြှုပ်နှံရာ သင်္ချိုင်းဂူပင်တည်း ။
( မင်းယုဝေ - ဦးရာကျော် ကောင်းမှု )

(၇) အကြောင်းအကျိုးဆက်စပ်ဖော်ပြခြင်း
           စာဖတ်သူလက်ခံယုံကြည်စေလိုသည့် အကြောင်းအရာမျိုးကို အကြောင်းအကျိုး ဆက်စပ်ဖွဲ့စည်းပြလေ့ရှိသည် ။ အကြောင်းအကျိုးဆက်စပ်ပုံ ခိုင်မာလေလေ လက်ခံယုံကြည်ဖွယ် ဖြစ်လေလေပင် ။ 
  ဥပမာ - ပုံစံ
      " လောက၌ ကြီးပွားရေး အောင်မြင်ရေးကလေးတို့ကို မဆို
        ထားဘိ။ အလုံးစုံသော အရာဟူသမျှတို့တွင် ဘုရားဖြစ်ရန်
        သည် အခက်ဆုံးဖြစ်လေသည်။ ထိုအခက်ဆုံး ဘုရားဖြစ်
        ရန်ပင်လျှင် လုံ့လဝီရိယဖြင့် ထိုက်သင့်သော အချိန်ကစ၍
        ပါရမီအသွယ်သွယ်တို့ကို ဖြည့်ဆည်းသွားပါက ဖြစ်နိုင်
       သည်သာတည်း။ ထို့အတူ လိုအပ်သော အမှုကိစ္စတို့၌ လို
       အပ်သော ဖြစ်နိုင်သည်သာတည်း ။ ထို့အတူ လိုအပ်သော
       အမှုကိစ္စတို့၌ လိုအပ်သော လုံ့လဝီရိယဖြင့် စ,လယ်,ဆုံး 
       ကြိုးစားသွားပါက အောင်မြင်ပြီးစီးနိုင်လေ၏ "
( ဦးပဂျီငို - လုံ့လဝီရိယ )
   
     ဝတ္ထုရေးလိုသော ညီငယ် ၊ ညီမငယ်တို့အနေဖြင့် စာတစ်ပုဒ်ထဲမှာပင် ဖွဲ့စည်းပုံတစ်မျိုထက် ပို၍ရောနှောပါဝင်လျက် ရှိတတ်သည်ဟူသော အချက်ကိုမူ ဂရုပြုသင့်ပါသည် ။ ယခုပြောပြခဲ့သော အချက်များကို အခြေပြုပြီး စကားပြေဖွဲ့စည်းပုံများကို ဂရုပြုလေ့လာသင့်ပါသည် ။ စကားပြေ ရေးသောအခါတွင်လည်း ရေးမည့်အကြောင်းအရာနှင့် အလိုက်ဖက်ဆုံးဖြစ်မည့် အထိမိဆုံး ဖော်ပြနိုင်မည့် ဖွဲ့စည်းပုံမျိုးဖြင့် ဖွဲ့စည်းရေးသားနိုင်ရန် ဝတ္ထုရေးလိုသော ညီငယ် ၊ ညီမငယ်တို့ ကြိုးစားအားထုတ်သင့်ပါသည် ။ 

ဆက်လက်ဖော်ပြပါမည် >>>

 ဝတ္ထုရေးမည်ဆိုပါလျှင် အပိုင်း(၇)

       မြန်မာအဘိဓါန် အကျဉ်း၌ " ဝတ္ထုဆိုသည်မှာ ဇာတ်ကောင် တစ်စုံတစ်ဦး (သို့မဟုတ်) အများကို အခြေခံထား၍ ဖြစ်ပျက်ခြင်းရာတို့ကို စိတ်ဝင်စားဖွယ် ဖွဲ့နွဲ့ရေးခြယ်ထားသော အကြောင်းအရာ " ဟု ဖွင့်ဆိုထာပေးသည် ။ 
      ကျွန်တော့်အနေဖြင့် ဝတ္ထုဆိုသည်မှာ စာရေးသူမှ စာဖတ်သူသို့ ဇာတ်လမ်းတစ်ပုဒ်ကို အာခေါင်အာရင်းသန်သန်ဖြင့်ပြောပြခြင်းသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။ တစ်နည်းအားဖြင့် မိမိအတွေး မိမိအရေးဖြင့် မိမိတင်ပြလိုသော အကြောင်းအရာကို ဇာတ်လမ်းဆင်၍ ဇာတ်ကောင်များကို လှုပ်ရှားစေပြီး ထိထိမိမိ အသက်ဝင်အောင် ရေးသား ဖန်တီးသော အနုပညာတစ်ရပ် ဖြစ်သည်။ 
     ဝတ္ထုတွင် ဇာတ်လမ်းအသားပေးဝတ္ထုနှင့် အကြောင်းအရာအသားပေး ဝတ္ထုဟူ၍ နှစ်မျိုးခွဲနိုင်သည်။ ထို့အပြင် ရည်ရွယ်ချက် ၊ အကြောင်းအရာ ၊ ဇာတ်ကောင်ဟူ၍လည်း အပိုင်းသုံးပိုင်း ခွဲနိုင်သည် -
    ဝတ္ထုတစ်ပုဒ်၌ 
          ၁။ ဇာတ်လမ်း ဇာတ်အိမ်
          ၂။ အရေးအသား
          ၃။ အတွေးအခေါ် ဟူ၍ အင်္ဂါသုံးရပ် ရှိပါသည်။
    ဝတ္ထုရေးလိုသော ညီငယ် ၊ ညီမငယ်တို့အနေဖြင့် ဝတ္ထုတစ်ပုဒ် ရေးတော့မည်ဆိုလျှင် ဦးစွာအကြောင်းအရာကို စဉ်းစားရမည်။ ထိုအကြောင်းအရာကို ဇာတ်လမ်း၊ဇာတ်အိမ်ဖွဲ့ရသည်။ ဇာတ်လမ်း ဇာတ်အိမ်ကို ရေးသားဖန်တီးရပြီး မိမိပြောလိုသော အတွေးအခေါ်များကို လိုသလိုထည့်ပေးရပေသည် ။
   ဇာတ်သဘင်၌ - 
           ၁။ အခင်း
          ၂။ အခက်
          ၃။ အဖြေ ဟူ၍ သုံးပိုင်းရှိသကဲ့သို့ ဝတ္ထုသည်လည်း ထိုနည်းတူ သုံးပိုင်းရှိသည်။
    ဇာတ်သဘင်၌ မင်းသား ၊ မင်းသမီး နှစ်ပါးသွား ပြီးလျှင် ဝန်ကြီးလေးပါး ထွက်လာပြီး တိုင်းပြည်တစ်ပြည် ၊ မည်သည့်တိုင်းပြည်မှာ မည်သည့်မင်းကြီး ထီးနန်းစံ ၊ သားတော်လေးက တက္ကသိုလ်ပြည်သွား ပညာသင် ၊ ထို့နောက် ပညာလည်းစုံ ကြင်ယာလည်းစုံလာပြီး မင်းသားလေး ပြည်တော် ပြန်လာ . . . စသည်ဖြင့် ဇာတ်ခင်း၏ ။
     ထိုနောက် နန်းတွင်း၌ မင်းသမီးလေးကို မလိုသူတွေက ကုန်းချောသဖြင့် ပြဿနာတွေဖြစ်နှင့် ဇာတ်လမ်း၏ အခက်အခဲများကို ပြသည်။
       နှိပ်စက်သည့်သူကလည်း မင်းသား ၊ မင်းသမီးကို မခံနိုင်အောင် နှိပ်စက်ပြသည်။ ထို့နောက်မင်းသား မင်းသမီး၏ ခေါ်ဆောင်ရာသို့ လိုက်ပါသွားကြရသည်။ သရုပ်ဆောင်များက ရယ်စေချင်လျှင် ရယ်ကြ ၊ ငိုစေလျှင် ငိုကြဖြစ်ရသည်။ ဖန်တီးသူကောင်းလျှင် ကောင်းသလောက် ပရိတ်သတ်ခံစားရပေသည်။ 
     အဖြေဆိုသည်မှာ ပရိသတ်ဆန္ဒကို ဖြည့်ရန်အတွက် ပရိတ်သတ် ဖြစ်စေလိုသော ဆန္ဒကို ထုတ်ပြ၏။ သိကြားတွေ ၊ နတ်တွေ ၊ ဇော်ဂျီတွေ ၊ ရသေ့တွေ သို့မဟုတ် ဘုရင်က ပြဿနာကို ဝင်ရှင်းမှပြဿနာ ပြေလည်ပြီး မင်းသား ၊ မင်းသမီး ဇာတ်ပေါင်းထုတ်ခြင်ကို ပြောခြင်းဖြစ်သည်။
    ဝတ္ထုမှာလည်း ယင်းကဲ့သို့ပင် အပိုင်းသုံးပိုင်း ရှိ၏။ သို့သော် ဇာတ်သဘင်ကဲ့သို့ ဇာတ်လမ်း၊ ဇာတ်အိမ်ကို ရိုးရိုးမသွားဘဲ စာဖတ်သူကို အရသာအမျိုးမျိုး အပြောင်းအလဲ ဖြစ်အောင်လုပ်ရသည်။
       အခင်း ၊ အခက် ၊ အဖြေ အတိုင်းရေးခြင်းမျိုးရှိသကဲ့သို့ အခက်ကိုစ၍ ဖော်ပြပြီးမှ ဇာတ်လမ်းပြန်ခင်းပြီး အဖြေထုတ်ခြင်းမျိုးလည်း ရှိသည်။ အဖြေကို ဦးစားပေး၍ ဇာတ်လမ်းခင်း ၊ ထို့နောက် အခက်ပိုင်းကို ပရိသတ် စိတ်ဝင်စားအောင် ရေးပြီးမှ အဖြေဖြင့် ပြန်ချုပ်သည်လည်း ရှိ၏ ။ စာရေးဆရာ၏ အနုပညာ ကျွမ်းကျင်မှုအပေါ် မူတည်၍ နိုင်နင်းသလို ရေးကြခြင်းဖြစ်ပေသည်။
     လူစိတ်မဝင်စားသော ဇာတ်လမ်းပင်ဖြစ်စေ စာရေးဆရာက အမြင်တစ်မျိုးဖြင့် ဆွဲဆောင်မှုရှိအောင် ရေးနိုင်လျှင် ပရိတ်သတ် ကြိုက်သွားတတ်၏။ ထူးဆန်းသည်ဆိုသော ဇာတ်လမ်းများမှာလည်း စင်စစ်မည်သို့မျှ မထူးပေ။ လောက၌ ဖြစ်တတ် ပျက်တတ်သော သဘာဝ တရားများပင်ဖြစ်သည်။ ဝတ္ထုရေးလိုသော ညီငယ် ညီမငယ်တို့အနေဖြင့် လည်းကောင်းအချက်ကို သိဖို့လိုသည် ။ 
    နိဂုံးချုပ်ဆိုရသည်ရှိသော် ကဗျာနှင့်စကားပြေရေးရာ၌ စာစည်းကမ်း ၊ သဒ္ဒါစည်းကမ်း စသည်တို့ရှိသော်လည်း ဝတ္ထု၌ကား ပုံသေနည်းမရှိပေ။ သို့သော် ဝတ္ထုရေးလိုသူ ညီငယ် ညီမငယ်တို့သည် မိမိ မကျွမ်းကျင် ထဲထဲဝင်ဝင် နားမလည်သော အကြောင်းအရာကို မရေးသင့်ဟု အကြံပြု  ရပ်နားပါရစေ ။

                                                         
နေဝန်းသစ်(အင်းစိန်)

ကျမ်းကိုး -
ခေတ်စမ်းစာပေအထွေထွေ (သိပ္ပံမောင်ဝ)
စာရေးဆရာနှင့်စာပေရေးသားခြင်းအနုပညာ (စေတနာလှိုင်း ၊ ရေစကြို)
တက္ကသိုလ်မြန်မာစကားပြေကောက်နှုတ်ချက်
စကားပြေသဘောတရား စကားပြေအတတ်ပညာ (မောင်ခင်မင်-ဓနုဖြူ)
ဘာသာအမြင် စာပေအမြင် (မောင်ခင်မင်-ဓနုဖြူ)
မြန်မာစာအဘိဓါန်ကျမ်း

     

1 comment:

  1. ကျွန်တော့် Facebook Wall မှာ ကူးယူဖော်ပြလိုပါတယ်။ ခွင်ပြုနိုင်မလားခင်ဗျာ။

    ReplyDelete