¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
သောတာပန်ပုဂ္ဂိုလ်၏ ထူးခြားချက်(၇)ရပ်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
■ သောတာပန်ဆိုတာ
လောဘလည်း ဖြစ်သေးတယ်၊
ဒေါသလည်း ဖြစ်သေးတယ်၊ မောဟလည်းဖြစ်သေးတယ်၊
ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလည်း ဖြစ်သေးတယ်၊
ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလည်း ဖြစ်သေးတယ်။
ကုက္ကု စ္စလည်း ဖြစ်သေးတယ်။
ပုထုဇဉ်နဲ့ မခြားဘဲ ဒီသဘောတွေ ဖြစ်သေးတယ်။
ပုထုဇဉ်နဲ့ဖြစ်ပျက်ပုံ တူနေပေမယ့် ဘာတွေကွာသလဲဆိုတော့ ပုထုဇဉ်က
ဖြစ်ကြောရှည်ပြီး သောတာပန်အရိယာတည်ပြီးသူက
ဖြစ်ကြောမရှည်ဘူး ဖြစ်ကြောတိုတယ်။
ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လည်း ဒီလောဘချည်း အကြာကြီးဖြစ်နေ တတ်တယ်၊ ဒေါသလည်း ဒီအတိုင်း၊ မေဟလည်း ဒီအတိုင်း ပဲ ဖြစ်ကြတယ်။ ဒါကို ဖြစ်ကြောရှည်တယ်လို့ ခေါ်တယ်။
ဒုက္ခချုပ်ပြီးသား သောတာပန်အရိယာကျတော့ တစ်ခုခုဖြစ်သွားတယ်ဆိုရင် ဖြစ်သွားတယ်လို့ နောက်က တစ်ခါတည်း ဥာဏ်ချက်ချင်းလိုက်တယ်။
ဖြစ်တာနဲ့ ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်ဘူး။ လောဘပဲ ဖြစ်ဖြစ်၊ ဒေါသပဲ ဖြစ်ဖြစ်၊ မောဟပဲ ဖြစ်ဖြစ်၊ ဖြစ်ပြီဆိုတာနဲ့ ဥာဏ်အသိလေး ချက်ချင်းလိုက်ပြီး သိသိပေးတယ်။ ဖြစ်တော့ဖြစ်သေးတယ်မပယ်နိုင် သေးဘူး၊ သူရထားတာက ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာလောက်ပဲ ပယ်နိုင်သေးတဲ့တရားကိုး။
လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေး
တော့ ဒါတွေလာနေဦးမှာပဲ၊ လာပင်လာ သော်လည်း ချက်ချင်းပဲ နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်ကဖြတ်ဖြတ်သွားတယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး။
ပဋိစ္စသမုပ္ပါဒ်ကို တန်းနေအောင် သွားတာပဲ။ ပုထုဇဉ်ဒေါသက ကမ္ဘာမကျေဘူး၊ သောတာပန်ဒေါသက ဖြစ်ပြီး တာနဲ့ အသိနဲ့ ပြန်ပြန်ဖျက်တယ်။ ဖြစ်ကြော မရှည်ဘူး။
■ သောတာပန် အင်္ဂါ ( ၇ ) ချက် ■
၁။ လောဘ၊ ဒေါသ၊ မောဟ ပေါ်တိုင်းပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။
၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင် လုပ်နိုင်ခြင်းသည် သောတာပန်ရဲ့အသိ။
၃။ ဤသာသနာမှတစ်ပါး တစ်ခြားသာသနာမှာ ထွက်ရပ်လမ်းမရှိဘူးဆိုတဲ့ ယုံကြည်မှုဟာလည်း သောတာပန်ရဲ့သဒ္ဓါ။
၎။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုစိတ်ပေါ်တာဟာလည်း သောတာပန်ရဲ့သဘော။
၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် သက်သေလိုက်ရသော်ငြား
သီလ သမာဓိ ပညာကို အထိခိုက်မခံ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။
၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်ရောက်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။
၇။ ခန္ဓာဥာဏ်ရောက်တရားတွေ နာရတဲ့အခါ ဝမ်းမြောက်မဆုံး၊ ကြည်ညိုမဆုံး၊ ကျေးဇူးတင်မဆုံးဖြစ်တာသည် သောတာပန်။
ပုထုဇဉ်နဲ့သောတာပန် ဒီ(၇)ချက်မှာ ကွာသွားတာပဲ။ သောတာပန် ရန်ဖြစ်သေးတယ်နော်၊ ဒါပေမယ့် ဖြစ်ရင်ဖြစ်မှန်း နောက်က လိုက်သိတယ်။
သိလိုက်တော့ ချက်ချင်းပဲ ငြိမ်းအောင်လုပ်လိုက်တယ်၊ အသိနဲ့ ကုသလိုက်တဲ့သဘော။
သူများကိစ္စဆောင်ရွက်တဲ့အခါမှာလည်း
သီလ သမာဓိ ပညာကိုသာ ငဲ့လေ့ရှိတယ်၊ မဟုတ်မမှန်စကား ဘယ်တော့မှမပြောဘူး။ တရားနာတဲ့အခါမှာလည်း တစ်ခြားစိတ်တွေ
အဝင်မခံဘူး၊ တရားနာရတော့ ဝမ်းသာမဆုံး၊ ပီတိသောမနဿတွေလည်း ဖြစ်လို့မဆုံးပဲ။
ဒါဟာ ပုထုဇဉ်နဲ့မတူတဲ့ (၇)ချက်ပဲ။
ဒီ(၇)ချက် ကိုက်နေပြီဆိုရင် သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်တော့။
(မိုးကုတ် ဆရာတော် ဘုရားကြီး)
ဓမ္မ္မရေချမ်းစဉ်
Credit > လွင်အောင်မျိုး ( Nov-14-2016 ) မှ်
No comments:
Post a Comment