Monday, February 12, 2018

"ဉာဏ်စဉ် အကြောင်း"
★★★★★★★★
ဝိပဿနာအလုပ်စမယ်ဆိုရင်
မိမိစိတ်ဟာ
အဓိပတိ ၃-ပါး
အားထားရမယ်၊
တရားထိုင်တဲ့ အခါမှာ
ဆိတ်ငြိမ်တဲ့နေရာမှာထိုင်ပါ၊
ဆိတ်ငြိမ်တဲ့ နေရာဟာ
တောပါပဲ။

ဘုရားကိုရှိခိုးကန်တော့၊
မိမိခန္ဓာကို
တရားမထိုင်မီ
ဘုရားကိုလှူထားပါ၊
 ပြီးတော့
သမ္မာဒေဝ-နတ်ကောင်းနတ်မြတ်တွေကို
မေတ္တာပို့
အမျှဝေပါ၊

ခန္ဓာကိုယ် ထားပုံ
ထားနည်းကတော့
အချိန်ကြာကြာ
တရားအားထုတ်နိုင်အောင်
တည့်တည့်မတ်မတ် ထိုင်ပါ၊

ဝင်သက် ထွက်သက်-အာနာပါနကို
စိတ်တည်ငြိမ်ပြီး
သမာဓိရအောင် လုပ်ပါ၊
ဝင်လေလဲသိ၊
ထွက်လေလဲသိပြီးနေရင်
ကြာတော့ သမာဓိအားကောင်းလာတဲ့ အချိန်မှာ
ဝီရိယကို အလျှော့မပေးဘဲ
သတိနဲ့ ပညာကို
ကပ်ပြီးလိုက်ပါ။

တရားထိုင်ရတာကြာတော့
ရုပ်တွေက ဖောက်ပြန်လာပြီး
ဝေဒနာတွေ ပေါ်လာတယ်၊
တောင့်လာတာ
ညောင်းလာတာကို
ဉာဏ်ကသိလာတယ်၊
ညောင်းတာရယ်
ညောင်းမှန်သိတာရယ် ဒီ ၂-ခုကို
ဖြစ်ပြီးပျက်သွားတာပဲလို့
သိလိုက်ပါ၊
ဒီလိုသိလိုက်တဲ့အ ခါမှာ
ညောင်းတဲ့ ရုပ်နဲ့
ညောင်းတဲ့စိတ်မရှိတော့ပြီလို
နောက်ကဉာဏ်နဲ့
သိလိုက်ပါ၊

ညောင်းတာ တောင့်တာကို
ပြုပြင်ပြီးမပေးသမျှ
အညောင်းဓာတ်တွေ
တစ်ခုပြီးတစ်ခု
ဖြစ်ပြီး ပျက်နေဦးမှာမို့၊
ဒူးကလေး
ခြေကလေးဆန်ချင်တဲ့စိတ်
ပြောင်းရွေ့ချင်တဲ့ပေါ်လာလိမ့်မယ်၊

အဲဒီဆန့်ချင် ကွေးချင်ပြောင်းရွေ့ချင်တဲ့စိတ်ဖြစ်တာကို
ကိုယ်ဉာဏ်နဲ့သိလိုက်ပါ၊
ဒီလို သိပြီးတဲ့အခါ
ထိုဆန့်ချင် ကွေးချင်ပြောင်းရွေ့ ချင်တဲ့
ရုပ်နာမ်တွေ မရှိတော့ပြီလို့
ထပ်သိလိုက်ပါ၊
အဲဒီလိုသိနေတုန်းမှာ
 ဖြတ်ဆို အသံတစ်ခုကြားလိုက်ရင်
 ကြားတယ် လို့သိပါ၊

 အဲဒီလို ခန္ဓာ ၅-ပါးမှာ
တစ်ခုခုပေါ်လာတိုင်း၊
 ပေါ်လာတိုင်း
သိပြီးဖြစ်ပြီး
 ပျောက်ပျက်သွားပါကလားလို့ သိရမယ်၊

အဲဒီလို
အသိတရားတွေကို
စိပ်သည်ထက်
စိပ်ပြီးလာတာတွေကို
ဉာဏ်နဲ့မှတ်၊
တဖြည်းဖြည်း
ရုပ်နာမ်တရားတွေ
တစ်ခုပြီးတစ်ခုဖြစ်ပျက်သွားတာတွေကို
သတိနဲ့စိုက်ကြည့်ကတွေ့လိမ့်မယ်၊

အနိစ္စ ဒုက္ခ အနတ္တလို့
ပါဠိလိုရွတ်မနေနဲ့တော့၊
 ဖြစ်ပြီး ပျက်သွားပါကလားလို့
တစ်ခုတည်းကိုသာ
သတိနဲ့ စိုက်ပြီးကြည့်
သိနေရင် ဆင်းရဲတဲ့ သဘော၊
အစိုးမရတဲ့ သဘောကို
ပို၍ထင်ထင်
သိမြင်လာလိမ့်မယ်။

ဒီလို မိမိတို့ခန္ဓာကိုယ်မှာ
 ပေါ်တိုင်းပေါ်တိုင်း
 ဖြစ်ပျက်တွေ ရှုကြည့်ဖန်များလာရင်
မိမိရဲ့ ခန္ဓာကိုယ်ကို
 ရွံ့မုန်းလာတော့တာပဲ။

အဲဒီအခါမှာ
မိမိရဲ့ခန္ဓာကိုယ်ကို
စွန့်လွတ်ချင်တဲ့စိတ်ဖြစ်လာမယ်၊
ခန္ဓာကိုယ်ရှိရင်
ဒီလို ဖြစ်ပျက်ဒုက္ခနဲ့ မကင်းနိုင်ပဲ၊
အို၊ နာ၊ သေ၊ ဆိုတဲ့
ဒုက္ခသစ္စာနဲ့တွေကြရဦးမှာပဲလို့
ကြောက်ရွံ့ပြီး
မိမိခန္ဓာကိုယ်ကိုပဲ
ရွံ့မုန်းလာမယ်။

ဖြစ်ပျက်ကို ရှုဖန်များလာရင်
လောဘ-ဒေါသ-မောဟ ၃-ပါးစလုံး
တဖြည်းဖြည်း ခေါင်းပါးပြီး၊
နောက်ဆုံးဖြစ်ပျက်ဆုံးအောင်
ပွားများ အားထုတ်ဖန်များလာရင်
ယခုဘဝမှာပင်
မဂ်ဖိုလ်ကို ရနိုင်တယ်။

ဒါကြောင့် ကြိုးစားပြီး
မိမိတို့ ခန္ဓာကိုယ်ကို
 ဖြစ်ပျက်ရှုကြပေတော့၊
 ဖြစ်ပြီးပျက်တဲ့သဘောမှတစ်ပါး
ဘာမှမရှိဘူးဆိုတာ တွေရလိမ့်မယ်။

ဉာဏ်စဉ်ဆိုတာ....ရှုဖန်များလာရင်
 (၁) ဤကားရုပ်၊
 ဤကားနာမ်လို့ပိုင်းခြားသိလာတော့
"နာမရူပပရိစ္ဆေဒဉာဏ်"ရလာတယ်။

(၂) နောက်နာမ်ရုပ်တို့၏
 ဖြစ်ပေါ်ရခြင်းအကြောင်း တရားတို့ကို
 ဆင်ခြင်ပြီး ဒီနာမ်ရုပ်ဟာ
အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့
အကြောင်း ၄-ပါးကြောင့် ဖြစ်လာတဲ့
အကျိုးတရားပါကလား၊
အကြောင်းလည်း ဖြစ်ပျက်၊
အကျိုးလည်းဖြစ်ပျက်ပဲလို့
ရှေးအတိတ်ဘဝက
အဝိဇ္ဇာ၊
တဏှာ၊
ဥပါဒါန်၊
ကံအကြောင်း တရားတို့ကို
ရှာမှီးသိမ်းဆည်နိုင်တဲ့
"ပစ္စယပရိဂ္ဂဟဉာဏ်"ရလာတယ်။

(၃) နောက် ရုပ်နာမ်တို့၏
ဖြစ်ပြီး ပျက်လတ္တံ၊
 ဖြစ်ဆဲတို့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ၃-ပါးကို
ပိုင်ခြား၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော
လက္ခဏာရေး ၃-ပါးဖြင့်
ဆင်ခြင်သုံးသပ်ခြင်းတည်းဟူသော
"သမ္မသနဉာဏ်"အဆင့်သို့ ရောက်လာမယ်။

 (၄) နောက် ယခုဖြစ်ဆဲ
ပစ္စုပ္ပန်ရုပ်နာမ်တို့၏
ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို
ရှုခြင်းဆိုတဲ့ "ဥဒယဗ္ဗယဉာဏ်"ပေါ်လာမယ်။

(၅) နောက် ရှုဖန်များလာရင်
အပျက်ကိုသာ သိမြင်လာတဲ့
"ဘင်္ဂဉာဏ်"ပေါ်လာမယ်။

(၆) ဒီလိုရှုဖန်များလာရင်
ရုပ်နာမ်တို့၏
ပျက်မှု ချုပ်မှုကိုသာ မြင်လာသဖြင့်
 ကြောက်ဖွယ်ရာဘေးကြီးလို့ ထင်လာတဲ့
"ဘယဉာဏ်"ပေါ်လာမယ်။

 (၇) နောက်ရုပ်နာမ်တို့၏
ချုပ်ပျက်မှုစသော
အပြစ်တွေကို ထင်မြင်လာတဲ့
"အာဒီနဝဉာဏ်"ရလာမယ်။

 (၈) နောက်မိမိခန္ဓာကိုယ်တည်း ဟူသော
 ရုပ်နာမ်တို့ကို
 ငြီးငွေ့ စိတ်ပျက်
 မနှစ်သက်တဲ့
"နိဗ္ဗိန္ဒဉာဏ်"ဖြစ်လာမယ်။

 (၉) နောက်မိမိခန္ဓာကိုယ်တည်းဟူသော
 ရုပ်နာမ် ဓမ္မသင်္ခါရတို့မှ
လွတ်ချင်လိုတဲ့
"မုဥ္စိတုကမျတာဉာဏ်"ရောက်လာမယ်။

 (၁၀) ထိုမှ တစ်ဆင့်
ရုပ်နာမ်တွေရဲ့ မမြဲမှု၊
ဆင်းရဲ့မှု၊
အစိုးမရမှုတွေကို
အပြင်းအထန် အားထုတ်မှုကြောင့်
အလွန်ထင်မြင်လာတဲ့
"ပဋိသင်္ခါရဉာဏ်"ရောက်လာမယ်။

(၁၁) နောက် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို
မချစ်မမုန်းဘဲ လျစ်လျူရှုတတ်တဲ့
"သင်္ခါရုပက္ခောဉာဏ်"ပေါ်လာတယ်။

 (၁၂) နောက်ပြီးတော့
 ရှေ့ဉာဏ် နောက်ဉာဏ်ကို
လက္ခဏာရေးသုံးပါးဖြင့်
အနုလုံ ပဋိလုံ ရှုပွားတဲ့အခါမှာ
၂-ဉာဏ်လုံးနဲ့ သင့်လျော်တဲ့
"အနုလောမဉာဏ်"ဖြစ်ပေါ်လာမယ်။

(၁၃) နောက် ပုထုဇဉ်တို့၏
အနွယ်ကိုဖြတ်၍
အရိယာတို့၏ အနွယ်ကိုဖြစ်စေတဲ့
"ဂေါတြဘူဉာဏ်"ပေါ်လာမယ်။

(၁၄) နောက်(သဥပါဒိသေသ)
 နိဗ္ဗာန်ကိုမြင်တဲ့"မဂ်ဉာဏ်" နှင့်။
(၁၅) မရှေးမနောင်းပင်
ထိုနိဗ္ဗာန်၏အကျိုးကို
ခံစားတဲ့"ဖိုလ်ဉာဏ်"ပေါ်လာမယ်။

(၁၆) နောက် မဂ်ကိုဆင်ခြင်ခြင်း၊
ဖိုလ်ကိုခြင်ခြင်း၊
နိဗ္ဗာန်ဆင်ခြင်ခြင်း၊
ပယ်ပြီးသောကိလေသာကို ဆင်ခြင်ခြင်း၊
မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်းဆိုတဲ့
ဉာဏ် ၅-ပါးကို ဆင်ခြင်တဲ့
"ပစ္စဝေက္ခဏာဉာဏ်"ရောက်လာလိမ့်မယ်။

ဒါကြောင့် အလွန်တွေ့ကြုံခဲလှစွာသော
ဘုရားသာသနာတော်နဲ့ ကြုံခိုက်၊
ဆရာသမား ကောင်းနဲ့လည်းတွေ့ခိုက်၊
ရခဲလှတဲ့ လူ့ဘဝကို
ရခိုက်မှာ
ယခုအချိန်ကစပြီး
အရိုးကြီးပွားရေးကို မလုပ်ကြဘဲ
အရိုးက ဓာတ်တော်ဖြစ်အောင် ကြိုးစားကြပါ၊

အရိုး အသွး အသား
ဓာတ်တော်ဖြစ်တယ်ဆိုတာ
အမေမွေးကတည်းက
ဖြစ်လာတာမဟုတ်ဘူး၊
တရားကိုအားထုတ်လို့
တရားက ပြုပြင်သောကြောင့်
တရားသဘောအရ
ဓာတ်တော်ဖြစ်လာရတယ်လို့မှတ်ပါ၊
ဒါကြောင့်တရားအလုပ်ကို
 ကြိုးကြိုးကုတ်ကုတ်
အားထုတ်ဖို့
သတိပေးလိုက်ပါတယ်။  
 
(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး)                                          
                                           
ဤကောင်းမှုကုသိုလ်ကံ
 စေတနာအပေါင်းတို့သည်
အားထုတ်ဆဲဖြစ်သော                              
ဝိပဿနာဉာဏ်မှ
မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ                                      
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်                                          
တည်ရှိပါစေသတည်း ။

Credit by _(အရှင်ဉာဏဓဇ )

No comments:

Post a Comment